ကြုံခဲ့လေသမျှ

     ညာဒေသ တန့်ဆည်ဘက်ရောက်တုန်းက ရွာသားတယောက်ရဲ့ စကားကို သဘောကျလို့ ခုထိအမှတ်ရ နေတယ်။
"ဟဲ့... မင်းလက်ပတ်နာရီ တယ်လှပါလား၊ ဘယ်လောက်များ ပေးခဲ့ရလဲ" ဆိုတော့
"ပဲနီတပြည်ပါဘုရား" တဲ့။
ဒါနဲ့ "သြော်သြော်အေးအေး..." လို့ပဲ လုပ်ခဲ့ရတယ်။ ကိုယ်မှ ပဲနီတပြည်ရဲ့တန်ဘိုးမသိတာ။ ပဲနီတပြည် ဘယ်ဈေးရှိမှန်း ကိုယ်ကမှမသိတာ။ ဂွပဲ။

   လပွတ္တာရောက်တော့လည်း ဂေါပကအဖွဲ့က ဒကာတယောက်က "ဦးဇင်းတို့ ပစ္စည်းနဲ့ ဓမ္မာရုံနဲ့က မကန်ဘူးနော်" ဆိုတော့ ဦးဇင်းသုံးလေးပါး တပါးမျက်နှာတပါးကြည့်ပြီး ဘာမှပြန်မပြောတတ်ဘဲ ဖြစ်နေရ တယ်။ ဦးဇင်းက ဘယ်လိုတွေးတုန်းဆိုတော့ ဓမ္မာရုံက ပါကေးတွေ ခင်းထားတော့ သူတို့အခင်းလေး ပျက် သွားမှာကို ပြောဟန် တူတယ်လို့ တွေးနေတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ ပစ္စည်းကများပြီး ဓမ္မာရုံသေး၊ ဦးဇင်းတွေ ကျိန်းဖို့ နေရာလည်းပေးရဦးမှာဆိုတော့ ဒီပစ္စည်းတွေ အကုန်လုံး ဒီဓမ္မာရုံနဲ့ မဆန့်ဘူးလို့ ပြော တာကိုး။ ဒါကို သူတို့က မကန်ဘူးလို့ သုံးတာ။ 

     တခါကျတော့ မိုးညှင်းမှာ။ ဦးစန္ဒိမာက "ဟဲ့၊ မင်းလက်ပတ်နာရီလေး တယ်လှပါလားကွ၊ ပြစမ်းပြစမ်း" ဆိုတော့ ဒကာလေးကလည်း နာရီအသစ်လေး ကြွားချင်နေတာနဲ့ ဟန်ကျတာပဲ။ ဘုန်းကြီးကိုချွတ်ပြီး ပြ တော့ ဘုန်းကြီးက ကိုင်ကြည့်ပြီး ရော့ရော့ကိုင်ထား၊ ပြီးတော့ လိုက်ဆိုနော်... "မှန်ပါ့ဘုရား" အေး။
"သံဃဿ ဒေမ နိဗ္ဗာနဿ"... မဆုံးသေးဘူး.... "ဘုန်းကြီး တပည့်တော် ဒီတလုံးရှိတာနော်.." ဆိုပြီး အတင်း ပြန်လုတာပဲ။ ဦးဇင်းကဘေးကကြည့်ပြီး သဘောကျတယ်။

     ဦးဝိမလက ရေးချိုးပြီးတော့ ကိုယ်ကိုယ်ခါပြီး "ဦးဓမ္မ တဘက်လှမ်းစမ်းပါ" လို့ ခိုင်းတော့ တဘက်ဆိုတာ ကို ဘာမှန်းမသိဘူး။ အူလည်လည်ဖြစ်နေတော့ ဦးဝိ ဘာလဲတပက်က "အာ... မျက်နှာသုတ်ပုဝါ ပြောတာ ကွ" ဆိုမှ ခက်တာပဲ စောစောကတည်းက မျက်နှာသုတ်ပုဝါကို မျက်နှာသုတ်ပုဝါ ပြောပါ့လား။ ဘာလဲတ ဘက်... ဘာမှ လည်း မဆိုင်ဘူးဆိုတော့ ဦးဝိမလက "ဟဲ့... အညာမှာ ဒီလိုပဲခေါ်တာကွယ့်" တဲ့။ သူက ပအို့ဝ်။

     မော်ဟန်တောင်ပေါ်မှာ ဓမ္မာရုံအတွက် ကျွန်းတုံးကြီးသွားတင်ကြတော့ ပေါင်လုံးအရွယ် သစ်ပင်သုံးပင် ကို ကားမှာ တစောင်းထားပြီး ကျွန်းတုံးကြီးတွေကို တွန်းတင်ရတယ်။ တစ် နှစ် သုံးဆိုရင် တခါတွန်း၊ ပြီးတော့ ပြန် လျှောမကျအောင် ငါးခုပေးရတယ်။ ဦးကောဝိဒက "သဘောထားနော်၊ သဘောထားနော်... ငါးခု ငါးခု" ဆိုတော့ ဦးဇင်းမှာ ပြာတောက်နေတာပဲ။ တောင်ကြည့်မြောက်ကြည့်နဲ့ ဘာလဲကွ "ဘာကို သဘောထားရမှာလဲ၊ ဘာလဲငါးခု ဆိုတာက"၊ ဦးကောတပည့်တော်မှာ ဘာမှမပါဘူးနော်ဆိုတော့ "လခွီး ကွာ... အတုံးခံခိုင်းတာကွ၊ သတိထားလို့ ပြောတာ... တုံးပြန်လျှောကျရင် ထိမှာစိုးလို့" ဆိုမှ သဘောပေါက်တယ်။ သူတို့မှာ တောင့်ထားရတာ မျက်နှာကြီး ကို နီလို့၊ အဲဒါကို ကြည့်ပြီး ရီလိုက်ရတာ။ ဒီ ကဒူးစကားက တခါတလေ နားလည်ရခက်သား။

အရှင်ဓမ္မတိဏ္ဏ