မိုးမဆုံးမြေမဆုံး

     လူတို့ဘာဝအရ စိတ်ပျက်စရာရှိရင် ငြီးငြူကြသလို၊ သာယာတဲ့အခါကျတော့လည်း ကြွားဝါတတ်တာပဲ။ ဒီလို လူတို့ရဲ့ သဘာဝကို အပြစ်ဖွဲ့ပြောကြစတမ်းဆိုရင် မိုးမြေမဆုံးပါဘူး။ ဒကာဒကာမတွေက ပိုလို့လျှံလို့ စွန့်လှူတဲ့ ဟာလေး တွေနဲ့တောင် ကြွားဝါနေကြတဲ့ သိက္ခာတော်ရတွေ ရှိသေး။ ဟင်းကြွားတယ်၊ ဖုန်းကြွား တယ်၊ ကားကြွား တယ်၊ ကျောင်းကြွားတယ်။ လာဘ်ပေါတဲ့လူကို လိုက်ကပ်တယ်၊ ဘာကြောင့်ရလာတဲ့ လာဘ်မှန်း မသိဘဲနဲ့ စားကြ သောက် ကြတယ်။ ဘာကြောင့်ရလာတဲ့ဝတ္ထုပစ္စည်းမှန်းမသိဘဲ အလှူခံကြတယ်။ ပြောကြစတမ်း ဆိုရင်လေ။ ပြောကြစတမ်းဆိုရင်ပါ။ ဒီတော့ လူတွေကြွားတာ ဝါတာ ကတော့ ဘာများ ထူးဆန်းလို့လဲ။

      ဦးဇင်းတို့က အနေအစား နုံပါတယ်။ လေကြီးမိုးကြီးပြောတယ်လို့ သမုတ်မယ်ဆိုရင်လည်း သမုတ်နိုင်ပါ တယ်။ ဒီ့တင်မက ကိုယ်စိတ်ထင်ရာ သမုတ်နိုင်ပါတယ်။ ဒါပေမယ့် လူမိုက်အားပေးမလုပ်ဘူး။ လူမိုက်ကို မှီပြီးတော့ အသက်မမွေးဘူး။ အမှားကို အမှားလို့ ပြောရဲတယ်။ နိုင်ငံရေးကို လုပ်နိုင်မယ်ဆိုပြီး လုပ်တာ မဟုတ်ဘူး... လုပ်သင့်တယ်ထင်လို့ လုပ်တာ။ ငါဘယ်လောက်လုပ်နိုင်မယ်လို့ မှန်းပြီးလုပ်တာမဟုတ်။ လုပ်နိုင်သလောက် လုပ် မယ်ဆိုပြီး ပါဝင်တာဖြစ်တယ်။ တနေ့မဟုတ်ရင် တကွေ့တွေ့ကြဦးမှာပါ။

အရှင်ဓမ္မတိဏ္ဏ